မိုင်းဆတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် ဧပြီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာအလယ်တန်းကျောင်း (ကျဒယ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် မိုင်းဆတ်မြို့၌ စာသင်ဝိုင်း(၆)ဝိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပထမဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူဦးရေ(၇၆)ဦး တက်ရောက်သင်ကြားပြီး သင်တန်းနည်းပြ(၆)ဦးဖြင့် တစ်ရက်(၃)နာရီနှင့် ရက်ပေါင်း(၄၀) သင်တန်းပို့ချသွားမည်ဖြစ်ပြီး မိမိဘဝနှင့် မိမိတို့မိသားစုဘဝ တိုးတက်ကြီးပွားရန်နှင့် စာတတ်မြောက်ရေးအတွက် ဝ-ထ-က-လ-သ လေ့ကျင့်သင်ကြားမှုအား ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် မနီပြုံးနိုင်ပြီ အသိပညာပေးဇာတ်လမ်းအားကြည့်ရှုပြီး အခြေခံစာတတ်မြောက်ရေးသင်တန်း တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့်ဇနီး၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းလှိုင်နှင့် တာဝန်ရှိသူများက အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ 

ခိုင်သဲစုပိုင်(ပြန်/ဆက်)