တွံတေး ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး (၂၅၉၃) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တန်ခူးလပြည့်နေ့ ယနေ့နံနက် (၆) နာရီအချိန်တွင် ရွှေဆံတော်စေတီတော်မြတ်ရင်ပြင်၌ စေတီတော်ကြီးအား အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် တန်ခူးလပြည့်နေ့ နံနက်(၆)နာရီအချိန်တွင် ရွှေဆံတော်စေတီသြဝါဒစရိယဆရာတော်ကြီးများ၏ စီစဥ်ကြီးကြပ်မှုဖြင့် ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ လပြည့်နေ့နံနက် (၆) နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ် (၄၃၂)ပါးတို့က အရှေ့၊ အနောက်၊ တောင်၊ မြောက်မုခ် လေးမုခ်ရှိနေရာများတွင် တစ်နေရာ၌ သံဃာတော်(၁၀၈)ပါးတို့က စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်ပြီး သံဃာတော်အရှင်သူမြတ်(၄၃၂)ပါးအား အာရုံဆွမ်းကပ်ခြင်းကို ၊နံနက်(၇)နာရီအချိန်တွင် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများအား အလှူရှင်များက လောင်းလှူပူဇော်ကြောင်း သိရသည်။
ထို့နောက် ပဌာန်း၊ အာရုံဆွမ်း၊ စတုဒီသာ အလှူရှင် ကိုကျော်ထွန်းမင်း+မမိုးမိုးကျော် ရွှေယမုံမင်း စိန်ရွှေရတနာရောင်းဝယ်ရေး မိသားစု၊ ရန်ကုန်မြို့မှ ဘုရားအနေကဇာတင် သံဃာတော်အရှင်သူမြတ်(၄၃၂)အနက် ဆရာတော်(၂၁၆)ပါးအတွက် တစ်ပါးလျှင် တစ်သောင်းကျပ်နှုန်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။ အလှူရှင်မိသားစုမှ ပဌာန်းပွဲ၊ အာရုံဆွမ်းနှင့် စတုဒီသာအတွက် စုစုပေါင်း (၁၁၆၆၀၀၀၀)ကျပ် အကုန်ကျခံလှူဒါန်းပေးပြီး တန်ခူးလပြည့်နေ့ နံနက်(၆)နာရီမှ စတင်ကာ ဘုရားဖူးလာ ပြည်သူအပေါင်းအား ဆန်တစ်တင်းခွဲအိတ် (၁၅)အိတ်ချက်၍ သစ်သီးစုံချဥ်ရည်ဟင်းနှင့် ငပိချက်တို့စရာများဖြင့် စတုဒီသာဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဘုရားပွဲတော်ရက်များတွင် နေ့စဉ် နံနက်(၅)နာရီမှ ညနေ (၁၀)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ရာ၊ ယခုအခါ ရွှေဆံတော်စေတီတော်မြတ်ကြီးကို အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန်ရွှေ ဆံတော်စေတီတော်မြတ်ကြီး၏ တန်ခူးလပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ(၁၇) ရက်နေ့မှ (၂၄) ရက်အထိ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ဗုဒ္ဓပူဇနိယပွဲတော်တွင် စျေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများနှင့်ဇာတ်များပါဝင်ကြောင်း သိရသည်။
ဘုရားပွဲတော်ကာလအတွင်း စေတီတော်မြတ်ကြီးအား အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန် ဘုရားဖူးချိန်အား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး လာရောက်ဖူးမြော်နိုင်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တွံတေးသား(ပြန်/ဆက်)