ထန်းတပင်(ရန်ကုန်)၊ ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဆုတောင်းပြည့် ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို (၁၆၁)ကြိမ်မြောက်အဖြစ် ဧပြီလ(၂၁)ရက်နေ့မှစတင်၍ အမှတ်(၁) ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီလ(၂၂)နေ့တွင်လည်း ဖူးမျှော်ကြည်ညိုသဒ္ဓါပွားများသူ ဧည့်ပရိတ်သတ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဧပြီလ(၂၁)ရက်နေ့မှစတင်၍ ဧပြီလ(၂၃)ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုလည်း ရှေ့ယခင်နှစ်ပေါင်း အတော်ကြာ နှစ်စဉ်တန်ခူးလဆန်း(၁၃)ရက်၊ (၁၄)ရက်၊ (၁၅)ရက်နေ့တိုင်း(၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
ပွဲတော်သို့ လာရောက်သည့် ဧည့်ပရိသတ်များကိုလည်း စေတနာအလှူရှင်များက စုပေါင်း၍ ပွဲတော်ရက်များ၌ နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် အာဟာရထမင်း၊ စတုဒီသာ အကျွေးမွေးများဖြင့် လှူဒါန်းပေးလျက်ရှိကြောင်းလည်း သိရပြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီးသို့ လာရောက်ကြသည့် သင်္ဒ္ဓါ ကြည်လင် ပါရမီရှင် အပေါင်းတို့ကလည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပူဇော်ခြင်းများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလျက်ရှိကာ ဖူးမျှော်ကြည်ညိုသဒ္ဓါပွားများသူ ဧည့်ပရိတ်သတ်များဖြင့် ဘုရားပွဲတော်ရက်များတွင် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)