ကျောက်ပန်းတောင်း ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၆-၄-၂၀၂၄)ရက်နေ့ နံနက်မှစတင်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်း သားပြည်သူများအတွင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးအောင် မသင်ကြားနိုင်ခဲ့သည့် ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန်နှင့် လူမှုစီးပွားဘဝများ အဆင်ပြေလွယ်ကူချောမွေ့စေရန် ရည်ရွယ်ဖွင့်လှစ်သည့်၊ အခြေခံစာတတ်မြောက်ရေး ကျေးရွာစာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါ စာသင်ဝိုင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွင်း စာမတတ်သူ မရှိစေရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို၊ ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာအုပ်စု(၁၇)အုပ်စုရှိ ကျေးရွာ(၁၉)ရွာတွင် စာသင်ဝိုင်း (၁၉)ဝိုင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ အခြေခံ စာတတ်မြောက်ရေး သင်တန်းသား(၁၇၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် အဆိုပါ စာသင်ဝိုင်း များတွင် ဒေသခံ ဆရာ/ဆရာမများက ဦးဆောင်သင်ကြားပေးလျက်ရှိကြောင်းသိရပြီး၊ သင်တန်းကာလမှာ သင်္ကြန်မတိုင်မီ (၆-၄-၂၀၂၄)မှ (၁၂-၄-၂၀၂၄) အထိ တစ်ကြိမ်နှင့်သင်္ကြန်ပြီး(၁၈-၄-၂၀၂၄) ရက်နေ့မှ (၁၅-၅-၂၀၂၄) နေ့အထိ တစ်ကြိမ်(၂)ကြိမ် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ စာသင်ဝိုင်းများရှိ စာသင်ကြားနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်၊ ကြီးကြပ်တာဝန်ခံ ဦးပေါကြွယ်နှင့်ပညာရေးဌာန တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို ဒေသခံပညာရေးဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ညှိနှိုင်းပေါင်းစပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)