မဟာအောင်မြေ ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် လက်နက်မဲ့ စစ်ရေးပြ(၆)ယောက်တွဲနှင့် အပေါ့စားမီးသတ်စက်ကလေးလေ့ကျင့်ခန်း(၅)ယောက်တွဲများအား ပြိုင်ပွဲဝင်နိုင်ရန်လေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ဆောင်ရွက်မှုအား မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်က ဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုးမင်းကျော်နှင့်တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံတတ်စေရန်၊ မီးငြှိမ်းသတ်ရာတွင်ကျွမ်းကျင်စွာမီးငြှိမ်းသတ်တတ်စေရန်နှင့် စွမ်းဆောင်ရည်ထက်မြက်ပြည့်ဝစေရန် ရည်ရွယ်၍ သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ်ကြောင်းသိရပြီး မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွယ်ကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ မြန်(၃)မြန်ဖြစ်သည့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်တတ်စေရန်နှင့် လူအသင့်၊ စက်အသင့်၊ ရေအသင့်၊ ဆီအသင့်ဆိုသည့် သင့်(၄)သင့်ကိုလည်း လိုက်နာဆောင်ရွက်တတ်စေရန် ပြိုင်ပွဲများများ ကျင်းပဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ဧပြီ(၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ လေ့ကျင့်ဆောင်ရွက်ပေးပြီး ဧပြီ(၂၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး လေ့ကျင့်ရေးကွင်း၌ မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း