မော်လမြိုင် ဧပြီ ၂၃
မွန်ပြည်နယ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အနေဖြင့် ဘက်စုံပညာ ထူးချွန်သောကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်ပြီးဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များအနက် ပညာရည်ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်ကာ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းရေးအတွက်ရည်ရွယ်ပြီး လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ရေးလုပ်ငန်းများကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့်ရွေးချယ်ခဲ့ပြီး မွန်ပြည်နယ်အနေဖြင့် နဝမတန်းလူရည်ချွန်မောင်မယ်(၆)ဦး၊ ဒသမတန်း(၆)ဦး၊ ဧကာဒသမတန်း(၆)ဦးနှင့် ဒွါဒသမတန်း(၆)ဦး စုစုပေါင်း (၂၄) ဦး တို့သည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ လူရည်ချွန်စုရပ်စခန်းအသီးသီးသို့ ဧပြီ ၂၄ ရက်မှ မေ ၁ ရက်အထိ လေ့လာရေးခရီးသွားကြရမည်ဖြစ်ကြောင်း၊ ယခုလို လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်လေ့လာကြရင်း တိုင်းရင်းသားလူငယ်များအချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားတတ်ရန်၊ အတူယှဉ်တွဲစုပေါင်းနေထိုင်တတ်ရန်၊ ဒေသန္တရဗဟုသုတများ ရရှိရန်အတွက် အထူးလိုက်နာဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူအားလုံး၏ စံနမူနာပြလူရည်ချွန်များအဖြစ် ဆက်လက်ကြိုးစားကြရန် လိုအပ်ကြောင်း၊လူရည်ချွန်မောင်မယ်များအားလုံး ရတနာသုံးပါးနှင့် မိဘဆရာကို မမေ့ကြရန်နှင့် ပြည်နယ် ဂုဏ်၊ နိုင်ငံဂုဏ်ဆောင်နိုင်ပြီး ရောက်တဲ့နေရာမှာ အများနှင့် သင့်တင့်အောင် နေထိုင်ပြီး အပန်းဖြေခရီးစဉ် တစ်လျှောက်မှာ ကျန်းမာပျော်ရွှင်၊ အေးချမ်းစွာဖြတ်သန်းနိုင်ပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လူရည်ချွန်ရွေးချယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်ကလူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများအားထောက်ပံ့ငွေကျပ် ၁၉ သိန်း ၆ သောင်းအား ပေးအပ်ရာလူရည်ချွန်ကျောင်းသား၊ ကျောင်းသူ(၂)ဦးက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် မွန်ပြည်နယ် ကိုယ်စားပြုလူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်