သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန် သန့်ရှင်းရေးများဆောင်ရွက်

သီပေါ ဧပြီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခဲ့ရာ (၅၂)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုအား (၅၃)ကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်းရှိ ခွဲစိတ်ကုသခန်းများ၊ မျက်စိခွဲစိတ်စက်နှင့် မျက်စိရောဂါရှာသည့်စက်များအား ကြိုတင်ပြင်ဆင်သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ မျက်စိခွဲစိတ်လူနာများ တည်းခိုနေထိုင်ရန် ခုတင်များ၊ အဆောင်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဆေးရုံတော်ကြီးအပြင် ပတ်ဝန်းကျင်နေရာများအား သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ၂၀၂၄ ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များမှလည်း အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)