တန့်ယန်း ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရ ကုန်းတော်မြတ်ပေါ်တွင် တည်ထားတော်မူလျက်ရှိသော ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိသည့် အရဟံဇိန အောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော် ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲကြီးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်္ဂလာမဏ္ဍပ်အတွင်းသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူရာ မင်္ဂလာဆိုင်းအဖွဲ့မှ စည်တော်ယွန်းပေးကာ နေရာယူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံကျော်အဆိုတော်တေးသံရှင် စိုးစန္ဒာထွန်းက သားစိန်သောင်း မင်္ဂလာဆိုင်းအဖွဲ့နှင့်တွဲဖက်၍ ထူးမခြားနား သီချင်းကို သီကြူးသည်။
ယင်းနောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇဘဒ္ဒန္တကုသလထံမှ ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ကိုးပါးသီလ ခံယူဆောက်တည်ကာ တာဝန်ရှိသူများနှင့် ဘုရားဒါယကာ ဒါယိကာမများမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဒါန်းဖွယ်ရာများတို့အား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်သည်။
အောင်တော်မူစေတီတော်မြတ်ကြီး အထွဋ်သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဘုရားဒါယကာ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ဒေဝါဝင်း၊ ရာဇာဝင်းခြံရံလျက် စေတီတော်ကြီးအား လက်ျာရစ်သုံးပတ်ပင့်ဆောင်၍ ယာယီစံမဏ္ဍပ်၌ ထားရှိပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော်စတုတ္ထဘုံ၊ ပဥ္စမဘုံ၊ ဆဌမဘုံ၊ သတ္တမဘုံတို့ကို တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)