ကချင်ပြည်နယ်ဝန်ကြီးချုပ် လေကြောင်းလူငယ်အခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ၊ လူရည်ချွန်မောင်မယ် ဂုဏ်ပြုတွေ့ဆုံပွဲများသို့တက်ရောက်

မြစ်ကြီးနား ဧပြီ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၌ သင်တန်းသား (၅၀)ဦးတို့ဖြင့် ဖွင့်လှစ်ပေးသွားမည့် လေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မောင်တို့/ မယ်တို့အနေဖြင့် ယခုလို နွေရာသီ ကျောင်းပိတ်ရက်အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချကာ စိတ်ပါဝင်စားစွာ တက်ရောက် ကြရမည်ဖြစ်သည့်အတွက် နောင်တစ်ချိန်တွင် လေကြောင်းသိပ္ပံပညာရပ်များနှင့် ပတ်သက်၍ မျိုးဆက်သစ်ပညာရှင်များ ဖြစ်လာစေရန် ယနေ့သင်တန်းက သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ထူးချွန်ကျောင်းသား/ ကျောင်းသူများကိုလည်း နောက်နှစ်ဖွင့်လှစ်မည့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းကိုတက်ရောက်ခွင့်ရမည်ဖြစ်ပြီး တန်းမြင့်လေကြောင်းလူငယ်သင်တန်း တွင် လေယာဉ်အစစ်ကို မောင်းနှင်ပျံသန်းခွင့်ရရှိမည်ဖြစ်သည့်အတွက် ထူးချွန်သူများဖြစ်အောင် စိတ်ပါဝင်စားစွာဖြင့် အနာဂတ်မျိုးဆက်သစ် လေကြောင်းသိပ္ပံပညာရှင်များဖြစ်အောင် ရည်ရွယ်ချက် ထားပြီး ကြိုးစားသင်ယူကြရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတည် ဆောက်ရာတွင် မောင်တို့မယ်တို့အနေဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်လာအောင် ကြိုးစားသွားကြ ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်က အမှတ်စဉ် (၁/၂၀၂၄) အခြေခံလူကြောင်း လူငယ်သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၂၀၅ သိန်းကိုလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးက ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးထံ အသီးသီး ထောက်ပံ့ပေးအပ် သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ဖွင့်လှစ်ပြသထားသည့် လေကြောင်းဆိုင်ရာ ခေတ်မီအသုံးအဆောင်များပစ္စည်းများ၊ လေယာဉ် ငယ်ပုံစံများ၊ ဒရုန်းငယ်များ ပြသထားရှိမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ အမှတ်စဉ် (၁/၂၀၂၄) လေကြောင်း လူငယ်အခြေခံသင်တန်းသားများနှင့် အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။

ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင် ပြည်နယ်ကိုယ်စားပြု လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ နိုင်ငံတော်အနေဖြင့် ဗလငါးတန်ဖြင့် ပြည့်စုံပြီး ဘက်စုံ ထူးချွန်သည့် လူငယ်များပေါ်ထွန်းလာစေရေး ဘက်ပေါင်းစုံမှ လူငယ်ကဏ္ဍကို အလေးထားမြှင့်တင် ပေးလျက်ရှိပါကြောင်း၊ ယနေ့ လူရည်ချွန်မောင်မယ်များသည် နိုင်ငံတော်အတွက်များစွာ အကျိုးရှိသူ များပင်ဖြစ်ပါကြောင်း‌၊ သို့ဖြစ်ပါ၍ လူရည်ချွန်မောင်မယ်များအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ လူရည်ချွန် စခန်းများသို့ လေ့လာရေးခရီးစဉ်အတွင်း မိမိနိုင်ငံနှင့် တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ် လာယဉ်ကျေးမှုအမွေအနှစ်များ၊ ဒေသထွက်ကုန်များကို လေ့လာမြတ်နိုးတန်ဖိုးထားတတ်စေပြီး နောင်အနာဂတ်ကာလတွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေလျက် တိုင်းပြည်တာဝန် များကို ကျေပွန်စွာထမ်းဆောင်ကြမည့် လူငယ်မောင်မယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် နိုင်ငံတစ်ဝှမ်းရှိ လူရည်ချွန်စခန်းများသို့ ကချင်ပြည်နယ်ကိုယ်စားပြုလေ့လာရေး ခရီးစဉ်သွားရောက်ကြမည့် ကြီးကြပ်ဆရာ/ ဆရာမ (၄)ဦးနှင့် ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ လူရည်ချွန်မောင်/မယ် (၃၂)ဦးတို့က တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း (၆၀)ကို ထောက်ပံ့ပေးအပ်ခဲ့ရာ လူရည်ချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ သည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း Grade-9, 10, 11, 12 အလိုက် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၂)ကို ရွေးချယ်ခဲ့သည့်အနက် တစ်ထပ်ကွမ်းလူရည်ချွန် မောင် မယ် (၁၉)ဦး၊ နှစ်ထပ်ကွမ်း လူရည်ချွန်မောင်မယ် (၁၃)ဦးတို့ ပါဝင်ကြောင်း သိရှိရပြီး အဆိုပါ လူရည် ချွန်မောင်မယ်များသည် ဧပြီ ၂၃ ရက်နေ့တွင် မန္တလေးမြို့သို့ စုရပ်အဖြစ်သွားရောက်ပြီး မန္တလေးမှ နေပြည်တော်၊ နေပြည်တော်မှတစ်ဆင့် ပုဂံလူရည်ချွန်စခန်း၊ တောင်ကြီးလူရည်ချွန်စခန်း၊ ငွေဆောင် နှင့်ချောင်းသာလူရည်ချွန်စခန်းများသို့လေ့လာရေးခရီးစဉ်သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်