ရန်ကုန် ဧပြီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသူ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်ပညာလုပ်ငန်း စတင်ပေါ်ပေါက်လာပုံနောက်ခံသမိုင်းကြောင်းများ၊ စာကြည့်တိုက်စီမံခန့်ခွဲမှုစနစ်များ၊ ဒီဂျစ်တယ်တတ်မြောက်မှုနှင့် သတင်းအချက်အလက်ရယူမှု၊ ကမ္ဘာတစ်ဝန်းလုံးမှာ ဆက်သွယ်ရေးနည်းပညာနှင့်သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများ လျင်မြန်စွာတိုးတက်ပြောင်းလဲနေမှုကြောင့် လူထုဆက်သွယ်ရေးနည်းလမ်းများ ထိရောက်မှုရှိလာပြီး စာကြည့်တိုက်များရဲ့အခန်းကဏ္ဍကလည်း အရေးပါလာပုံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါက်တာဒေါ်ခင်လေးစိုးက စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ဝန်ဆောင်မှုဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းစည်းကမ်းချက်များကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ကို ဧပြီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ(၂၈)ဦးတက်ရောက်ခဲ့၍ စာကြည့်တိုက်ပညာလုပ်ငန်းများကို
စာကြည့်တိုက်ပညာရှင်များဖြစ်သော စာရေးဆရာ(ဟိန်းလတ်)၊ ဒေါက်တာခင်လေးစိုးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းတို့က စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)