ငါ့သရောက် ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ မြန်မာ့နှစ်ဆန်း ၂ ရက်နေ့က စတင်ပြီး (၃၀) ကြိမ်မြောက် အသံမစဲ မဟာပ ဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဆည်ကျေးရွာ ရွာဦးကံစွယ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်များက ငါးပါးသီလပေးခြင်း ဓမ္မစကြာအဖွဲ့မှ နတ်ပင့်ဖိတ်ခြင်းနှင့် ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ခြင်း၊ ဓမ္မစကြာအဖွဲ့နှင့် ဓမ္မမိတ်ဆွေအဖွဲ့တို့မှ ပဋ္ဌာန်းပစ္စယုဒ္ဒေကို သံပြိုင်
ရွတ်ဆိုကာ (၃၀) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်အရှင်သူမြတ်တို့က စတင်ရွတ်ဖတ်ပူဇော်ကြကြောင်းနှင့် ယင်းအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ နေ့စဉ်ကျေးရွာအတွင်း သံဃာတော်များအားလုံး ဆွမ်း၊ ငွေဆွမ်းလောင်း အလှူခြင်းများ ပြုလုပ်ကြပြီး တန်ခူးလဆန်း ၁၀ ရက်နေ့နံနက်ပိုင်းမှ မဟာပဋ္ဌာန်းများကို စတင်ရွတ်ဖတ်ကာ တန်ခူးလဆန်း ၁၄ ရက်နေ့ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲကို အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။
အလားတူ ပဋ္ဌာန်းသိမ်းအောင်ပွဲအပြီး မွန်းလွဲပိုင်းတွင် ဆရာတော်အရှင်သူမြတ်များက နှစ်ဟောင်းကုန်၍ နှစ်သစ်ကို စိတ်သစ်ဖြင့် ဖြတ်သန်းနိုင်ရန် လူမှုစီးပွားဖွံ့ဖြိုးလာစေရန်နှင့် ဘေးအန္တရာယ်ခပ်သိမ်းကင်းဝေးကြစေရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များကို သတ်မှတ်နေရာများ၌ လိုက်လံနာကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)