မော်လမြိုင် ဧပြီ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျောင်းသားကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သောအနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးဌေးလွင်ဦး၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့သည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဒီနေ့ဟာဆိုရင် တပ်မတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ မွန်ပြည်နယ်တည်ရှိရာ မော်လမြိုင်မြို့မှာ မောရဝတီ ရေတပ်စခန်းဌာနချုပ်နဲ့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တို့ကနေ ကြီးမှူးဖွင့်လှစ်တဲ့ရေကြောင်း လူငယ်(အခြေခံနှင့်တန်းမြင့်) သင်တန်း၊ လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်လှစ်တဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့ဘဲဖြစ်ပါကြောင်း၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့မှ အခုလိုရေကြောင်း/ လေကြောင်း လူငယ်သင်တန်းများ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ မောင်တို့/ မယ်တို့လို ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ ရေကြောင်းဆိုင်ရာပညာရပ်များ၊ လေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး အခြေခံအဆင့်တတ်မြောက်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သော လူငယ်/ လူရွယ်များဖြစ်လာစေရေး၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့အတွက် ရေကြောင်းပညာရပ်၊ လေကြောင်းပညာရပ်များကို စိတ်ပါဝင်စားတဲ့ အနာဂတ်မျိုးဆက်သစ် အင်အားများရရှိကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း တပ်မတော်(ရေ)ရေကြောင်းလူငယ်သင်တန်း၊ တပ်မတော်(လေ)လေကြောင်း လူငယ်သင်တန်းများကို ရက်သတ္တပတ်(၅)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါကြောင်း ဘာသာရပ်များကို စာတွေ့/လက်တွေ့တတ်မြောက်အောင် လေ့လာသင်ယူနိုင်ဖို့အတွက် သင်ကြားပြသပေးသွား မှာဘဲဖြစ်တယ်။ ဒါ့အပြင် သင်တန်းကာလနောက်ဆုံးအပတ်မှာ တစ်နိုင်ငံလုံးသင်တန်းစခန်းအားလုံးမှာရှိတဲ့ မောင်တို့မယ်တို့လို သင်တန်းသား/ သင်တန်းသူများအားလုံးကို ပြင်ပလေ့လာရေးနဲ့လက်တွေ့လုပ်ငန်းစဉ်များ၊ ပြိုင်ပွဲများ ပြုလုပ်ပေးသွားမှာဘဲဖြစ်ပါကြောင်း၊ ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းများကို တက်ရောက်ရခြင်းအားဖြင့် မြန်မာနိုင်ငံအနှံ့အပြားက မောင်တို့/ မယ်တို့လို ဝါသနာတူ၊ စိတ်ဓာတ်တူ၊ ရည်မှန်းချက်တူညီကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့ တွေ့ဆုံပြီး အချင်းချင်းချစ်ခင်ရင်းနှီးမှုများရရှိကာ အချင်းချင်းရိုင်းပင်းကူညီလိုစိတ်များ၊ အများအကျိုးသယ်ပိုးဆောင်ရွက်လိုစိတ်များနဲ့ အချင်းချင်းစည်းလုံးညီညွတ်တဲ့ စိတ်များ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါကြောင်း၊ မောင်တို့/မယ်တို့ဟာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့တာဝန်များကို ကျရာအခန်းကဏ္ဍကနေ ပါဝင်တာဝန်ယူကြရမှာဖြစ်ပါကြောင်း မောင်တို့/မယ်တို့ဟာ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားခြင်း၊ ထိုးထွင်းဉာဏ်ထက်မြက်ခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊ စည်းကမ်း ကောင်းမွန်ခြင်းဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံအောင် ကြိုးစားနေထိုင်သွားကြရန် ယခုလို သင်တန်းတွေကို တက်ရောက်ခြင်းအားဖြင့် မောင်တို့/ မယ်တို့ဟာ ကျောင်းပိတ်ရက်အတွင်း အချိန်ကို တန်ဖိုးရှိစွာအသုံးချနိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် အားထားရမယ့် မျိုးဆက်သစ် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်များဖြစ်အောင် ကြိုးစားအားထုတ်သွားကြပါ။ ယခု ဖွင့်လှစ်သင်ကြားပေးတဲ့ရေကြောင်းလူငယ်နဲ့ လေကြောင်းလူငယ်သင်တန်းများကို တက်ရောက်သင်ကြားကြမယ့် မောင်တို့/ မယ်တို့ဟာ မိမိကိုယ်တိုင်ရရှိလာမယ့် ဂုဏ်ယူ ဖွယ်ရာ လူတော်လူကောင်းများဖြစ်လာအောင် ဒီသင်တန်းများကို စိတ်ပါဝင်စားစွာနဲ့ အပတ်တကုပ် ကြိုးစားသင်ယူသွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်ဗိုလ်မှူးကြီး ဌေးလွင်ဦးကသင်တန်းဖွင့်လှစ်ရခြင်းအားပြောကြားပြီး ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်သင်တန်းအတွက် (၁၆၉၂၀၀၀) တန်ဖိုးရှိတစ်ကိုယ်ရေသုံးပစ္စည်းများ၊ သင်တန်းသား/သူ(၁၂၀)ဦးအတွက် ၃ ပတ်စာ စားသောက်စရိတ် ထောက်ပံ့ငွေ(၁၆၃၀၀၀၀၀၀)၊ လူငယ်သင်တန်းအတွက် ထောက်ပံ့ငွေ (၂၀၀၀၀၀၀)၊ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ (၆၅၀၀၀၀၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဦးစီးချုပ်နှင့်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ကပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုလေ့လာကာ သင်တန်းသား/သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်