ကျောက်ဆည်မြို့၌  ဆည်ရေ၊ မိုးရေး၊ မြေအောက်ရေ စနစ်များဖြင့် နွေစပါး(၁၀၅၃)ဧကစိုက်ပျိုးထားရှိ

ကျောက်ဆည်  ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေ(စက်ရေတွင်း)ဖြင့် မင်းရဲ၊ သင်းတွဲ၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းများတွင် နွေမိုးစပါး(၁၀၅၃)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

နွေမိုးစပါးသီးနှံများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ သင်တောင်းကျေးရွာအုပ်စုတွင် ဆည်ရေသောက်စနစ်ဖြင့် (၂၀၀)ဧက၊ အင်တိုင်းကျေးရွာအုပ်စုတွင် ဆည်ရေသောက်စနစ်ဖြင့် (၁၇၂)ဧက၊ ပတ္တာကျေးရွာအုပ်စုတွင် ဆည်ရေသောက်စနစ်ဖြင့် (၁၀၀)ဧက၊ ပင်တလည်‌ကျေးရွာတွင် ဆည်ရေသောက်စနစ်ဖြင့် (၁၀၀)ဧက၊ စက်ရေတွင်း(မြေအောက်ရေ)ဖြင့်(၅၃)ဧက၊ သင်းတွဲစိုက်ပျိုး ရေးနည်းပညာပေးရှေ့တန်းခန်းမှ ကုလားကျောင်းကျေးရွာအုပ်စုတွင် ဆည်ရေသောက်စနစ်ဖြင့်(၄၀၀)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ လက်ပန်ပင်ကျေးရွာအုပ်စုတွင် ဆည်ရေသောက်စနစ်ဖြင့်(၂၈)ဧက စုစုပေါင်း(၁၀၅၃)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေစပါးစိုက်ခင်းများစိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း နည်းစနစ်များဖြင့် စိုက်ပျိုးကြပြီး စပါးသီးနှံများအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှပိုးမွှားကင်းစင်သည့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်းပြည့်မီစေရေး၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရေး၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ် မှန်ကန်စေရေး၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲစေရေးစသည့် နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေးများကို ရေမြောင်းများအလိုက် ပြည့်ဝစွာပေးဝေလျက်ရှိကြာင်း သိရသည်။

သက်မောင်