ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာတွင် ဘောင်ကြီးတင်စနစ်နှင့် နွေနှမ်းစိုက်ပျိုး

​ကျောက်ဆည် ဧပြီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေး နှမ်းသီးနှံများကို နွေ၊ မိုး၊ ဆောင်းရာသီများတွင် ရာသီမပြတ်ပြောင်းလဲ၍ ဒေသအလိုက် စိုက်နည်းစနစ် အမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိရာ လယ်ကြီးကျေးရွာ ကွင်းအမှတ် (၂၇၂) တောင်သူဦးကျော်မြင့်၏ စိုက်ပျိုးမြေ (၂)ဧကတွင် ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဘောင်ကြီးတင်စနစ်ဖြင့် နှမ်းသီးနှံများစိုက်ပျိုးမည်ဆိုပါက ဦးစွာမြေကိုစိတ်ကြိုက်ပြုပြင်ထားရပြီး မြေအနေထားပေါ်မူတည်၍ (၃)ပေ၊(၄) ပေအကျယ် မြေဘောင်များပြုလုပ်ပြီး အပင်ကြားအတန်းကြား လိုအပ်သလို စိုက်ပျိုးနိုင်သည့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးကြောင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကြောင့် မျိုးစေ့ကုန်ကျမှုသက်သာကြောင်း၊ အပင်သက်တမ်း(၁)လအရွယ်တွင် တစ်ဧက အပင်ဝင်ဆန့်မှု ပြည့်စေရေး သန်မာသည့်အပင်များချန်လှပ်ပြီး သားခွဲခြင်း၊ပေါင်းပေါက်ခြင်း၊မြေဆွခြင်းများ ပြုလုပ်ပေးရပြီး ရေသွင်းပေးရကြောင်း၊ ရေသွင်းစိုက်ပျိုးသည့် စိုက်နည်းဖြစ်သဖြင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ကာ အထွက်နှုန်းသေချာပြီး (၁)ဧကနှမ်းအတင်း(၂၈)တင်းမှ (၃၂)တင်းအထိထွက်ရှိကြောင်း  နှမ်းစိုက် တောင်သူများ ပြောပြ၍ သိရသည်။

လယ်ကြီးကျေးရွာအုပ်စုသည် သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စုများတွင် ပါဝင်ပြီး နွေနှမ်း(၁၀၅၀)ဧက၊ ဟံမြင့်မိုရ်ကျေးရွာအုပ်စုတွင်(၆၆၃)ဧက၊ ပုန်ညက်ကျေး ကျေးရွာအုပ်စုတွင်(၇၇၂)ဧက၊ ကျားကာကျေးရွာအုပ်စုတွင်(၉၇၈)ဧက၊ သံရွာကျေးရွာအုပ်စုတွင်(၆၅၀)ဧက၊ ခါးတက်ကုန်း ကျေးရွာအုပ်စုတွင်(၁၅၀)ဧက၊ ဆူးလေကုန်းကျေးရွာအုပ်စုတွင်(၈၄၀)ဧက၊ ပေါက်ပင် ကွေ့ကျေးရွာ အုပ်စုတွင် (၈၉၀)ဧက၊ မြေစိုကျေးရွာအုပ်စုတွင်(၉၁၃)ဧက၊ ပဲခင်းကျေးရွာအုပ်စုတွင် (၈၆၀)ဧက၊ ပေါင်လောင် ကျေးရွာအုပ်စုတွင်(၄၅၆)ဧက စုစုပေါင်း(၈၁၉၂)ဧက  စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောင်၊ကျောက်ဆည်၊