ထန်းတပင် ဧပြီ ၂၂
ရန်ကုန်တိုင်းဒသကြီး၊ ထန်းတပင်မြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က စပါးအထွက်နှုန်းများ တိုးတက်စေရေး တောင်သူအသိပညာပေးခြင်းလုပ်ငန်းများနှင့် စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများအား စံကွက်ရိတ်သိမ်းပွဲကို ရေဖြူကျေးရွာအုပ်စု၊ အုပ်ဖိုကျေးရွာ ကဇောင်းအရှေ့ကွင်း၊ ဦးပိုင်အမှတ်-၁၇၆-Bနှင့် ဦးပိုင်အမှတ် ၂/က တောင်သူ ဒေါ်ကြည်သန်း၏ စိုက်ဧက(၉.၈၈)ဧကဆင်းသုခစံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက စပါးမျိုးစေ့ချကိရိယာ (Seeder) အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများနှင့် စပါးတစ်ဧကအထွက်နှုန်း အပြည့်အဝထွက်ရှိရေးတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများ စံကွက်ရိတ်သိမ်းပွဲကို တောင်သူ ဒေါ်ကြည်သန်း၏ နွေစပါးစံပြကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြရာ (၀.၁၀)ဧကကို စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧက အစိုအထွက်နှုန်းအနေဖြင့်(၁၂၅) တင်းနှုန်းထွက်ရှိကြောင်းသိရသည်။
နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်