ညောင်ဦး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပလင်းကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ သင်္ကြန်တွင်း ရုံးပိတ်ရက်အတွင်း ခရီးသွားဆင်ချစ်သူ ၄၀၀၀ ဦးခန့်ဝင်ရောက်ခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦး-ပခုက္ကူ၊ မြင်ခြံသွားကားလမ်းဘေး အနောက် ပုလင်းကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်ရင်း ခရီးတထောက်အဖြစ် ပလင်းကမ်းသာယာဆင်းစခန်းသို့လာရောက်၍ ဆင်စာကျွေးခြင်း၊ ဆင်စီးခြင်း၊ ဆင်ပြတိုက်ထဲတွင် ပြသထားသည့် ဆင်တစ်ကောင်လုံးအရိုးစု၊ ဆင်စွယ်များ၊ ဆင်မှတ်ပုံတင်စာအုပ်နှင့် ဧရာဝတီမြစ်ကမ်းဘေး ခြေတံရှည်ထန်းရွက်မိုးတဲများပေါ်မှ အစားအစာများမှာယူ စားသောက်ကြခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ခရီးသွား ဆင်ချစ်သူများသည် ဆင်များနှင့် ဓာတ်ပုံရိုက်ခြင်း၊ ရှုမျှော်ခင်းကြည့်တံတားပေါ်တွင် ရှုခင်းကြည့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ကလေးဥယျာဉ်တွင်လည်း ကလေးငယ်များဝင်ရောက် ကစားခြင်း၊ ဆင်ရေချိုးတာကြည့်ရှုကြခြင်းများဖြင့် လာရောက်အပန်းဖြေကြပြီး အခကြေးငွေဖြင့် ဝင်ရောက်လာသည့် ဆင်ချစ်သူခရီးသွား ၂၆၈၀ ဦးခန့်ရှိပြီး ၁၃၂၀ ဦးခန့်မှာ ဆင်စခန်းဝင်ကြေးကင်းလွတ်ခွင့်ပြုထားသည့် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၊ ရဟန်း၊ ဘုန်းတော်ကြီး၊ သီလရှင်နှင့် ဆယ်နှစ်အောက်ကလေးငယ် များဖြစ်ကြောင်းသိရသည်။ သင်္ကြန်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဆင်ချစ်သူ များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ရင်း ခေတ္တခဏလာရောက်ကာ ဆင်စာကျွေးခြင်း၊ ဆင်စာဘူဖေးကျွေးခြင်း၊ ခြေတံရှည်တဲများပေါ်အနားယူကာ ဧရာဝတီ မြစ်ဘက်မှ တိုက်ခိုက်လာသည့် သန့်ရှင်းလတ်ဆတ်သည့် လေကိုရှူရှိုက်ရင်း အနားယူ အပန်းဖြေခြင်းများဖြင့်လာရောက်ကြကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှ လာရောက်သည့် စိုင်းစည်သူလွင်က ရှင်းပြခဲ့ကာ သင်္ကြန်းတွင်းကာလအတွင်း ဆင်ချစ်သူခရီးသွား ၄၀၀၀ ဦးခန့် လာရောက်လည်ပတ်ကြောင်း သိရသည်။
ဒီပါလင်း