ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်ဗောဓိဆုတောင်းပြည့်စေတီတော်တွင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒဂုံတောင် ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ (၁၂၆) ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် (၅) နာရီ ၃၀ မိနစ်အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်‌ဗောဓိဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များအား  အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဩဝါဒကထာနာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၄ခုနှစ် ဧပြီလ (၂၁)ရက်မှ ဧပြီလ(၂၃)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သန်းသန်းအေး(ပြန်/ဆက်)