မြစ်ကြီးနား ဧပြီ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်စဉ်မိုးရာသီတွင် မြို့ပေါ်ရပ်ကွက်တစ်ချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားရေးလေ့ရှိရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် ရေနုတ်မြောင်းများ ပြုပြင်/ တိုးချဲ့ဆောင်ရွက်ပေးခဲ့ပြီး လာမည့်မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးနှင့် ပြည်နယ်တရားလွှတ်တော်ရုံးရှေ့တို့ရှိ အောင်ဆန်းလမ်းအား လမ်းဧရိယာတိုးချဲ့၍ ဘေးဝဲ/ယာ ရေနုတ်မြောင်းများ စနစ်တကျတူးဖော်ဆောင်ရွက်သွားနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုလမ်းမကြီးနှင့် အနော်ရထာလမ်းဆုံနေရာတွင် လမ်းလယ်ကျွန်းများအား တိုးချဲ့ဆောင်ရွက်၍ ပန်းမြို့တော်စီမံကိန်းဖြင့် အလှပန်းပင်များ ပိုမိုစိုက်ပျိုးနိုင်ရေး၊ ထို့အပြင် လမ်းဆုံနေရာများတွင် လမ်းလယ်ကျွန်းများအား လမ်းဖြတ်ကူးသည့် ယာဉ်ကြီး/ ယာဉ်ငယ်များ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြုပြင်ဆောင်ရွက်နိုင်ရန် မြေပြင် အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးဆောင်ရွက်သွားရေး တာဝန်ရှိသူများအားမှာ ကြားခဲ့သည်။
ထို့နောက် မြို့သစ်ကြီးရပ်ကွက်အတွင်း ဈေးကြီးလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာရှိ ရေ နုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ ရေနုတ်မြောင်း ရှင်းလင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့သစ်ကြီးရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနှင့် မဟာဗန္တုလလမ်းဆုံနေရာတွင် လည်းကောင်း၊ Northen Star ဂေါက်ကွင်းသွားလမ်းမှလည်းကောင်း မြို့သစ်ကြီးမြောင်းမကြီးအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မြောင်းမကြီး ရှင်းလင်းရေးလုပ်ငန်းများကို မိုးမကျမီ ဆောလျင်စွာ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးနှင့် မြောင်းမကြီးတစ်လျှောက် လူနေအိမ်ခြံဝင်းများ ကျူးကျော်ဆောက်လုပ်မှုမရှိစေရေးနှင့် ဖယ်ရှားရှင်းလင်းနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။
ထိုမှတစ်ဆင့် ကြက်ပေါခြံရပ်ကွက်ကို ဖြတ်သန်းစီးဆင်းသည့် အမှတ် (၄) ပင်မရေနုတ်မြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြောင်းရှင်းလင်းရေးလုပ်ငန်းများ ရေကြည်ချောင်းနှင့် ဆုံသည့်နေရာအထိ ဧရာဝတီမြစ်အတွင်းသို့ ကောင်းမွန်စွာ စီးဝင်နိုင်ရေး အမြန်ဆုံး ရှင်းလင်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်