ဟိုပုံးမြို့နယ်အတွင်းရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသည့် ယာဉ်များအား ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်

ဟိုပုံး  ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အတွင်းရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးနှင့် ထော်လာဂျီများ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီအဖွဲ့မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစတင်ပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်သည် ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ရပ်ကွက်၊ ကျေးရွာအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက် သော်လည်း ယနေ့အချိန်ထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းနေသေးသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့်ယာဉ်များနှင့် ဆိုင်ကယ်ဦးထုပ် မဆောင်းသည့်သူများအား ဖမ်းဆီးအ‌ရေးယူ ဆောင်ရွက်သွားမည့်အကြောင်းကို မိဘ ပြည်သူများနစ်နာမှုမရှိစေရန် ရပ်ကွက်အတွင်း လိုက်လံနိူးဆော် အသိပေးလျက်ရှိကြောင်း” ဟိုပုံးမြို့နယ်၊ ယာဉ်/စည်း တပ်ကြပ်ကြီး အောင်ကြည်က ပြောကြားသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့်ယာဉ်များ ဖမ်းဆီးအရေးယူမှုတွင် ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစတင်ပြီး ဟိုပုံးမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့မ ရဲစခန်းအနီးလမ်းဆုံ၊ ဟိုပုံး-လွိုင်လင်အထွက်လမ်း တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းအနီးနှင့် ဟိုပုံး-လွိုင်ကော် အထွက်လမ်းပေါ်တွင် အဓိကဖမ်းဆီး သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းနှင့်အညီ ဆိုင်ကယ်ဦးထုပ်ကို ဆောင်းကြရန် လိုအပ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ်၊ ယာဉ်/စည်း တပ်ကြပ်ကြီး အောင်ကြည်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)