ကျောက်ဆည် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သင်္ကြန်ကာလပြီးအချိန်တွင် သံပယိုသီးရှားပါးလျက်ရှိရာ သံပယိုသီး (၃)တင်းဝင်တစ်အိပ်အား ငွေကျပ် (၁)သိန်းကျပ်အထိ ရောင်းချရသဖြင့် သံပယိုစိုက်ခင်းပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံပယိုသီးနှံဈေးကောင်းရရှိခြင်းများနှင့်ပတ်သတ်၍ သံပယိုခြံပိုင်ရှိများအနေဖြင့် သင်္ကြန်ကာလတွင် ငွေအသုံးရရှိရေးနှင့် အရောင်းအဝယ်ကောင်းမွန်သောကြောင့် တန်းခူလဆန်းပိုင်းတွင် အသီးများ စဉ်ဆက်မပြတ်ခူးဆွတ်ရောင်းချသဖြင့် ယခုလိုအသီးရှားပါးချိန်တွင် ဈေးကောင်းရရှိကြောင်းသိရှိရပြီး သံပယိုသီးနှံသည် အပင်အပြုအစုကောင်းပါက ရာသီမပြတ် အသီးများခူးဆွတ်နိုင်ကြောင်းနှင့် ဈေးကွက်အနေဖြင့် ပူပြင်းသည့် နွေရာသီတွင် အရောင်းတွင်ကျယ်ပြီး ဈေးကောင်းရသည့်အတွက် အသီးအထွက်နှုန်းကောင်းသည့် သံပယိုစိုက်ခင်းပိုင်ရှင်များအနေဖြင့် ဝင်ငွေကောင်းပြီး အဆင်ပြေလျက်ရှိကြောင်း ကုန်ကျစရိတ်သက်သာပြီး မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံဖြစ်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ကြောင်း ကင်းတုန်ကျေးရွာမှ သံပယိုစိုက်တောင်သူ ဒေါ်ခင်မြတ်နွယ်ကလည်း ပြောကြားခဲ့သည်။
စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် (၁၈)ပေအကွာ စိုက်ပျိုးပါက နေရောင်ခြည်နှင့် လေဝင်လေထွက်ကောင်းစွာရရှိသည့်အတွက် အပင်သန်မာပြီး အသီးအထွက်နှုန်းကောင်းမွန်ကြောင်း၊ ကိုင်းကူးမျိုးစိုက်ပျိုးပါက သုံးနှစ်သားအရွယ်တွင် စတင်ခူးခွတ်ရကြောင်း၊ အပင်ငယ်သည့်အချိန်တွင် ပေါင်းမြက်ရှင်းလင်းပေးရပြီး ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ်စေရေး ရေသွင်းပေးရကြောင်း လိုအပ်သည့်အချိန်တွင် မြေဩဇာကျွေးပေးခြင်း၊ မလိုအပ်သည့် ကိုင်းများခုတ်ပယ်ခြင်းများ ပြုလုပ်ပေးခြင်းများ ပြုလုပ်ပေးရကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)