မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေဒေသခံတောင်သူများ ‌နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်းစိုက်ပျိုးအပင်များ အောင်မြင်ထွန်းလျက်ရှိ

မြစ်သား  ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ပန်းလောင်မြစ်မှ မြစ်ရေတင်ခြင်းဖြင့် နှမ်းဖြူများကိုစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် နှမ်းဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများက သီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ ယခုအခါနှမ်းဖြူစိုက်တောင်သူများသည် ဘောင်ကန့်ရေသွင်းစနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကလျှင် (၁)ပြည်နှင့် (၄)ဗူးသာကုန်ကျ၍ နှစ်လခန့်အကြာတွင် နှမ်းဖြူစိုက်ခင်းများ  အပွင့်၊  အသီးစတင်ဖူးပွင့်ပြီး  လေးလခန့်အကြာတွင် စတင်ရိတ်သိမ်း၍ရပါကြောင်း၊ ယခင်နှစ်များတွင် နှမ်းဖြူတစ်တင်းကို (၁၅၀၀၀၀)ကျပ်ရှိပြီး ယခုနှစ်တွင်နှမ်းဖြူ တစ်တင်းကို  (၁၆၀၀၀၀)ကျပ်စျေးနှုန်းရှိကြောင်း သိရှိရပြီး  ဘောင်ကန့်ရေသွင်းစနစ်ဖြင့် နှမ်းဖြူစိုက်ပျိုးသော တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်ဒေသအတွင်းရှိ ယခုနှစ်နှမ်းဖြူစိုက်ပျိုးသည့် ကျေးရွာများဖြစ်သော လက်ပံဆိပ်ကျေးရွာ၊ ကူဖြူကျေးရွာ၊ နီပါးကုန်းကျေးရွာ၊ နှဲဝဲကျေးရွာ၊ ကဆွန်ကျေးရွာ၊ လမ်းခွကျေးရွာ၊ ပေါမောကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာ၊ အုပ်ရှစ်ကုန်းကျေးရွာ၊ တလိုင်းကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ သမတန်းကျေးရွာ၊ငါးဆူကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာ၊ ကျန်တောကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ ရွှေကြာအင်းကျေးရွာ၊ ကုက္ကိုစုကျေးရွာတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း