ကျောက်ဆည် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မြစ်ဘေး၊ ချောင်းဘေးနှင့် ရေအရလွယ်ကူသည့် နေရာများရှိ သဲနုန်းဆန်သည့်မြေများတွင် ဟင်းသီး၊ ဟင်းရွက်များစိုက်ပျိုးရောင်းချလျက်ရှိရာ ပင်တလယ်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ပန်းမုံလာ (၁) ပွင့် ငွေ (၃၅၀) ကျပ်ဖြင့် ရောင်းချရဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းမုံလာများစိုက်ပျိုးရာ၌ မျှားနီတံဆိပ်ပန်းမုံလာမျိုးများ အဓိကထားစိုက်ပျိုးကြပြီး ပျိုးထောင်၍ပြောင်းရွေ့စိုက်ပျိုးရသည့် သီးနှံဖြစ်သောကြောင့် တစ်ဧကတွင် မျိုးစေ့ (၄) ထုပ် ပျိုးထောင်စိုက်ပျိုးပါက လုံလောက်မှုရှိသော်လည်း တောင်သူများအနေဖြင့် စိုက်ကြိုက်ပျိုးပင်ရွေးချယ်၍ စိုက်ပျိုးခြင်းများပြုလုပ်သည့်အတွက် မျိုးစေ့အထုပ်(၅)ထုပ် ပျိုးထောင်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မြေဆွခြင်း၊ ပေါင်းမြက်သန့်ရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ အပင်အားဆေး၊ ပိုးနှင်ဆေး/ပိုးသတ်ဆေးဖျန်ခြင်း၊ ရေသွင်းခြင်းနှင့် အထွေထွေကုန်ကျစရိတ်အဖြစ် ငွေကျပ်(၇/၈) သိန်းခန့် ကုန်ကျကြောင်း ပန်းမုံလာစိုက်ပျိုးရောင်းချသူ ဒေါ်သိန်းမြကပြောပြ၍ သိရသည်။
ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်ပြု၍စိုက်ပျိုးပြီး တစ်ဧကတွင် အပင်အရေတွက် (၁) သောင်းကျော် စိုက်ပျိုးနိုင်ကြောင်း၊ ရောင်းချရာတွင် ပွဲစားများမှ စိုက်ခင်းအထိကွင်းဆင်းကြည့်ရှုပြီ အရောင်းအဝယ်ပြုရာ ပြုလုပ်ကြပြီး ယခုအခါ ပန်းမုံလာပွင့်တစ်ပွင့်ငွေ (၃၅၀) ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် ပန်းမုံလာစိုက်တောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)