ကျောက်ဆည်မြို့တွင် ထိုင်ဝမ်ကျောက်စီမ်းဖရဲသီး ရောင်းချသူများရောင်းအားကောင်း၍ အဆင်ပြေ

ကျောက်ဆည် ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နွေရာသီရောက်ရှိလာသည့်အတွက် ထိုင်ဝမ်ကျောက်စီမ်းဖရဲသီးများ ရောင်းအားကောင်းလျက်ရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖရဲသီးရောင်းချမှုများနှင့်ပတ်သတ်၍ ဖရဲသီးကို နှစ်ပတ်လည်နီးပါးရောင်းချကြောင်း ရောင်းချသည့်အခါတွင် ဖရဲစိုက်ခင်းများ မည်သည့်မြို့နယ်တွင်ရှိကြောင်း လေ့လာစုံစမ်းပြီး စိုက်ခင်းအထိသွားရောက်ပြီးဝယ်ယူ၍ တဆင့်ပြန်ရောင်းချကြောင်း ရောင်းချသည့် သက်တမ်း (၅) နှစ်ကျော်ရှိပါပြီး ယခုဖရဲသီးများကိုတော့ သဲတောမြို့နယ်နှင့်ဝမ်းတွင်းမြို့နယ်များ၏ ဖရဲစိုက်ခင်းထဲအရောက် ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီးဝယ်ယူ၍ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် တဆင့်ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ ဝယ်ယူသည့်အခါ အလုံးအကြီးအသေးအလိုက် တစ်လုံးလျှင်ငွေကျပ် (၂၅၀) မှ (၅၀၀) ကျပ်အထိဝယ်ယူ၍ ရောင်းချသည့်အခါ အသီးတစ်လုံးတွင် အမြတ်ငွေ (၁၀၀) ကျပ်မှ (၂၀၀) ကျပ်အထိ ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ထိုင်ဝမ်ကျောက်စီမ်းဖရဲသီး ရောင်းချသူ ကိုခင်မောင်စိုးမှပြောပြ၍ သိရှိရသည်။

ဖရဲစိုက်တောင်သူများအနေဖြင့် နွေရာသီတွင် ခူးဆွတ်ရောင်းချနိုင်ရေး အချိန်ကိုက်စိုက်ပျိုးကြကြောင်းနှင့် သဲတောမြို့နယ်နှင့်ဝမ်းတွင်းမြို့နယ်များတွင် ဖရဲသီးများကို နှစ်ပတ်လည်စိုက်ပျိုးကြကြောင်းနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများအနေဖြင့် ထွက်ရှိလာသော ဖရဲသီးများကို သဲတောဈေး၊ဝမ်းတွင်းဈေးနှင့် အနီးအနားရှိအသေးစား ဈေးဆိုင်များတွင် ကိုယ်တိုင်ရောင်းချမှုများရှိပြီး စီးပွားဖြစ်စိုက်သူများအနေဖြင့် အမြို့မြို့အနယ်နယ်မှ ဖရဲသီးအရောင်းအဝယ်ပွဲရုံများသို့ ရောင်းချကြကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)