ကျောက်တန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲရုံအတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ကျောက်တန်း နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား မဲရုံအတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို အာသောကာရာမ ပရိယတ္တိစာသင်တိုက် ဝေပုလ္လဓမ္မာရုံတွင် ယနေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းက ပြောကြား သည်။
ထို့နောက် မဲရုံအလိုက် မဲရုံအပြင်စည်းတွင် တာဝန်ချထားမှုများ၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ တာဝန်ခွဲဝေအပ်နှင်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူ အသီးသီးက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။  ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၅၈) အုပ်စု၊ မဲရုံပေါင်း(၁၉၂) ရုံနှင့် မဲဆန္ဒရှင်ပြည်သူ တစ်သိန်းသုံးသောင်ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်ဆွေဝင်း  (ကျောက်တန်း)