မန္တလေးဗဟိုအကျဉ်းထောင်၌ အကျဥ်းသား/သူများအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု

မန္တလေး ဧပြီ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၃၀/၂ဝ၂၄ ဖြင့် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၃၃၀၃ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ရာ  မန္တလေးဗဟိုအကျဉ်း ထောင်မှ  အကျဉ်းသား  ၂၀၅ ဦး၊ အကျဥ်းသူ ၃၁ ဦး၊ စုစုပေါင်း ၂၃၆ ဦးအား ဧပြီလ ၁၇ ရက်၊ (၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့) နံနက် ၁၁ နာရီက လွှတ်ပေးလိုက် ကြောင်း သတင်းရရှိသည်။

ပြစ်ဒဏ်မှလွှတ်ပေးသည့် အခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို/ရွှေကျင် ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဥ်း‌ထောင်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တ‌လေးတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ နေလင်းစိုး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ အောင်မြေသာစံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းထူး၊ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း၊ အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်နှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၊ ထောင်လွတ်အကျဉ်းသား/သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ မန္တ‌လေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ နေလင်းစိုးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်တို့က ဆုံးမသြဝါဒစကား ပြောကြားကြသည်။ထို့‌ နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လွတ်ငြိမ်း ခွင့်ရရှိကြသူများ အကျဉ်းသား ၂၀၅ ဦး၊ အကျဥ်းသူ ၃၁ ဦး၊ စုစုပေါင်း ၂၃၆ ဦး၏ လွတ်လက်မှတ်၊ ခရီးစာရိတ်၊ စားစာရိတ်နှင့် လုပ်အားခများကို လွတ်မြောက်အကျဉ်းသား/သူများကိုယ်စား အကျဉ်းသားတစ်ဦးအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)