မြစ်ကြီးနား ဧပြီ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းမှ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကိုစွန့်ခွာ၍ မိုင်းနားကျေးရွာ မိုင်းနား စိန့်ဂျိုးဇက် (RC) စခန်းသို့ ယာယီ တိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၁၇ ရက် ညနေ ၃ နာရီက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့ သွားရောက် တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိန့်ဂျိုးဇက် (RC) စခန်းအတွင်းရှိခန်းမ၌ ထပ်မံရွေ့ပြောင်းနေထိုင်သော အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က လတ်တလောနယ်မြေအခြေအရ နေရပ်ကျေးရွာများကိုစွန့်ခွာပြီး ယခုလို လာရောက်ခိုလှုံနေထိုင်သည့်အတွက် နေထိုင်စားသောက်မှု အခက်အခဲနှင့် လိုအပ်ချက်များကြုံတွေ့ နေရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လတ်တလောနေထိုင်စားသောက်မှုအဆင်ပြေစေရေးလာရောက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးဖြည့်ဆည်းပေးနိုင် ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်၊ အောင်မြေ (၁) ၊ အောင်မြေ(၂)၊ နောင်စီပေါ၊ ကဇူး၊ ဒဘတ်ယန်၊ ဂါးရာယန်၊ တာလောကြီး၊ ခါးရှိ၊ နောင်ပတိန်းနှင့် ဝါးရှောင်ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စု (၁၂၆)စု၊ လူဦးရေ (၅၁၇)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အိမ်ထောင်စုများနှင့် စခန်းတာဝန်ခံများက စခန်းအတွင်း နေထိုင်စားသောက်ရာတွင် သောက်သုံးရေ လိုအပ်ချက်များ၊ နေအိမ်လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက်များအပေါ် အမြန်ဆုံးဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် အိမ်ထောင်စုများနှင့် စခန်းတာဝန်ခံများ၏ တင်ပြချက်အရ ထပ်တိုးရောက်ရှိလာ သည့် အိမ်ထောင်စုများအတွက် မခေါယန်ကျေးရွာအတွင်းရှိ RC အသင်းတော်ပိုင်ဝင်းအတွင်း ယာယီခိုလှုံရာနေအိမ်တန်းလျားများ တည်ဆောက်နေမှုကို တာဝန်ရှိသူများနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ်တန်းလျားများ တည်ဆောက်ရာတွင် လိုအပ်သည့် အမိုး၊ အကာ၊ ကြမ်းခင်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး၊ ရေအိမ်သာများ ထပ်တိုးတည်ဆောက်ပေးနိုင်ရေးနှင့် ရေတွင်းများ တူးဖော်ပေးနိုင်ရေးအတွက် ငွေကျပ် ၁၅၆ သိန်းကို ပံ့ပိုးကူညီပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိ ပြီး ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း လယ်သီးထပ်ဆောင်းသီးနှံအဖြစ် ပဲပုပ်၊ မြေထောက်ပဲ၊ ဖူးစားပြောင်း၊နှံစားပြောင်း၊ နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအသိပညာပေး ( Strip Cropping )သီးနှံမျိုးစုံအကန့်လိုက်စိုက်ပျိုးထားသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စံပြစိုက်ခင်းအတွင်း စိတ်အေးချမ်းစွာ လာရောက် အနားယူလည်ပတ်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)