ကျောက်ဖြူမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါန ပုဇွန်သားပေါက်လွှတ်ခြင်းများဖြင့် ကောင်းမှုကုသိုလ်ပြု ဆောင်ရွက်

ကျောက်ဖြူ   ဧပြီ  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်ကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြီး နှစ်ဆန်းတစ်ရက်၊ ယမန်နေ့ ညနေ ၄ နာရီက အန္တရာယ်ကင်းပရိတ်တရား နာယူခြင်း၊ မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ကာ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ဇီဝိတဒါနပုဇွန်သားပေါက်လွှတ်ခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများတက်ရောက်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ် များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပေးပြီး ကျောက်ဖြူမြို့၊ နဂါးကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်သံဃာဆရာတော်ကြီးများကို တာဝန်ရှိသူများက နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ လှူဒါန်းမှုအစုစုတို့အတွက် ဂမ္မဆာရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ အရှင်သူမြတ်က ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် ဆရာတော်အရှင်သူမြတ်များသည် မော်တော်ယာဉ်များဖြင့် မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ကာ  အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များသည် ကျောက်ဖြူပင်လယ်ကမ်းခြေသို့သွားရောက်ပြီး ဇီဝိတဒါနအဖြစ် ပုဇွန်သားပေါက်ကောင်ရေ တစ်ထောင်ကျော်အား အဆိုပါပင်လယ်ထဲသို့လွှတ်ပေးကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)