ကျိုက်ထိုမြို့နယ်ရှိ အကျဉ်းစခန်း (၂)ခုမှ  အကျဥ်းသား၊ အကျဉ်းသူ (၈)ဦး လွတ်ငြိမ်းခွင့်ရရှိ

ကျိုက်ထို ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၃၀/၂၀၂၄)အရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကျဉ်းစခန်း (၂)ခုမှ အကျဥ်းသား/သူ (၈)ဦးတို့အား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုသို့လွတ်ငြိမ်းခွင့်ပြုရာ၌ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်(အမျိုးသား)ကုန်ထုတ်စခန်းတွင် တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား (၃)ဦး၊ မုပ္ပလင်(အမျိုးသမီး)ကုန်ထုတ်စခန်းမှ အကျဉ်းသူ (၅)ဦး၊ စုစု‌ပေါင်း အကျဉ်းသား/သူ (၈)ဦးတို့အား တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးသည့် ရည်ရွယ်ချက်နှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာဆက်လက်နေထိုင်ကြရေး ဆုံးမစကားများပြောကြားခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ခံဝန်လတ်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ်နှင့် စားစရိတ်တို့ကိုထုတ်ပေးကာ မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကာင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် ဖော်ပြထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)