ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ကျောက်ဖြူ(ဘိုးဘွားရိပ်သာ)သို့ သွားရောက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကျောက်ဖြူ ဧပြီ  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ သီလရှင်ကျောင်းနှင့် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ သွားရောက်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များသည် နဂါးကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး  ၎င်းကျောင်းတိုက်ဆရာတော် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေအား မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များသည် ဇေယျသုခသီလရှင်ကျောင်းသို့ သွားရောက်ပြီး သီလရှင်ဆရာလေးများကို လှူဖွယ်ဝတ္ထုငွေ၊ ဆီ၊ ကြက်သွန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယိမ်းအဖွဲ့များသည် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားများနေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် အလှူငွေများကို ထောက်ပံ့လှူဒါန်းရာ ဘိုးဘွားရိပ်သာအထောက်အကူပြုအဖွဲ့ဝင်များက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း