ကျိန္တလီမြို့၊​ ရှောက်ကုန်းကျေးရွာတွင် (၁၇) ကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ကျိန္တလီ ဧပြီ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ရှောက်ကုန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပရဟိတလူငယ်များ၊ ကျေးရွာနေပြည်သူများစုပေါင်း၍(၁၇)ကြိမ်မြောက် အသက် (၇၀) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ၁၃၈၆ခုနှစ် ယမန်နေ့ ညနေပိုင်းအချိန်က ရှောက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသူများက သက်ကြီးဘိုးဘွားများအား သြကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ခံရန် လာရောက်ကြသည့် အသက် (၇၀) နှစ်နှင့်အထက် အဘိုးအဘွား(၅၂)ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ် (၁၀၀၀၀) ကျပ်နှင့် လှူဖွယ်ပစ္စည်းများကို ပရဟိတလူငယ်များ၊ ကျေးရွာနေပြည်သူများက ပေးအပ်ကန်တော့ခဲ့ကြသည်။ ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကန်တော့ခံရန် တက်ရောက်လာသော ဘိုးဘွားများကိုယ်စား အဘိုးဦးသောင်းရွှေက ကျန်းမာချမ်းသာစေကြောင်း ဆုပေးစကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့၊ရှောက်ကုန်းကျေးရွာမှ ပရဟိတလူငယ်များနှင့် ကျေးရွာနေပြည်သူများက သက်ကြီးဘိုးဘွားများသည် ကျေးဇူးရှင်မိဘများဖြစ်ပြီး လူ့အဖွဲ့အစည်းအပေါ်အကျိုးပြုခဲ့ခြင်းများအား ကျေးဇူးပြုခြင်း၊ သက်ကြီးဘိုးဘွားများအား ဦးထိပ်ထားအသိအမှတ်ပြုလိုသောကြောင့် နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်းနှင့်နောက်နှစ်များတွင်လည်း ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ကျိန္တလီ(ပြန်/ဆက်)