ညောင်ဦးအကျဉ်းဦးစီးဌာနတွင် ပြစ်ဒဏ်ခံရသူအချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး

ညောင်ဦး ဧပြီ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမိန့်အမှတ် (၂၉/၂၀၂၄) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်းသူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲအခမ်းအနားကို ညောင်ဦးအကျဉ်းထောင်ဝန်းရှိ ဓမ္မာရုံ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား/ သူများကို ဆုံးမဩဝါဒစကားပြောကြားပြီး ညောင်ဦးအကျဉ်းထောင်တာဝန်ခံအရာရှိ ဦးဝင်းဇော်မင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ဖတ်ကြားကာ တာဝန်ရှိသူများက လွတ်မြောက်ခွင့်ရရှိသူများကို ခရီးစရိတ်၊ ခံစားခွင့်တို့ကို ထုတ်ပေးရာလွတ်မြောက်ခွင့်ရ အကျဉ်းသား/ သူတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများမှာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇  ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ်  ရှမ်းပြည်နယ် လက်နက်အမိန့်ရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး ရမည်းသင်းအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား (၁၂) ဦး၊ အကျဉ်းသူ (၃) ဦး၊ စုစုပေါင်း (၁၅) ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) ၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒီပါလင်း