တွံတေး ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်ရှိဘက်ရင်ပြင်တော်၌ (၄၅၉) ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲကိုဧပြီ ၁၇ ရက် (မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှ စတင်ကျင်းပခဲ့ ကြောင်းသိရသည်။
သဲပုံစေတီပူဇော်ပွဲအတွက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှစတင်ကာ သဲလုပ်အားဒါနပြုလိုသူများက သဲများလာရောက်သယ်ဆောင်နိုင်ပြီး ရှမ်းလေးရွာဖြစ်သည့်ရှမ်းစုကြီး၊ ညောင်တံခါး၊၊ မူးလမန်း၊ ငါးခမ်းမစမ်းရွာများကဦးဆောင်ကာ နှစ်စဥ်နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ခဲ့ကြသည်။ နှစ်ဦးသဲပုံစေတီကိုနှစ်ဆန်းတစ်ရက်နေ့မှ ဝါဆိုလအထိတည်ထားပူဇော်ပြီးရှမ်းရိုးရာဓလေ့ သဲပုံစေတီပွဲကိုအဆိုပါရှမ်းလေးရွာက ဦးဆောင်ကျင်းပရာ ယခုနှစ်တွင်ညောင်တံခါးကျေးရွာကရာဇမတ်၊ ရှမ်းစုကျေးရွာက ဂွေငါးဂွေနှင့်ပိန္နဲတိုင်၊ မူးလမန်းကျေးရွာက ခေါင်းလောင်းနှင့်ကြာမှောက်ကြာလန်ဌက်ပျောဖူး၊ ငါးခုမ်းမစမ်းကျေးရွာက ထီးတော်တို့ကိုပြုလုပ်၍ စေတီတည်ထားကြောင်းနှင့်စေတီ၏ အစိတ်အပိုင်းများကိုကျေးရွာများကနှစ်စဥ်အလှည့်ကျဆောင်ရွက်ကြရကြောင်းတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ရှမ်းလေးရွာ၏ ရိုးရာမပျက်နှစ်ဦးသဲပုံစေတီပူဇော်ပွဲသည် (၄၅၉) ကြိမ်ရှိလာပြီဖြစ်ကြောင်းရိုးရာဓလေ့မပျောက်ပျက်စေရန် ယနေ့လူငယ်များက ဆက်လက်ဆောင်ရွက်နေကြောင်း၊ သဲပုဲစေတီတော်၏ အတိုင်းအတာများကိုရှမ်းစာပေယဥ်ကျေးမှုအဖွဲ့ (တွံတေး) ကသတ်မှတ်ပေးထားသည့်အတိုင်း၊ အတာအကွာအဝေး၊ အနိမ့်အမြင့်ကိုရှမ်းလေးရွာကပြုလုပ်ရကြောင်း သဲပုံစေတီ၏ဥာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်ကြောင်း သဲပုံစေတီပူဇော်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နှစ်ဦးသဲပုံစေတီ ကိုနှစ်ဆန်းတစ်ရက်နေ့ နံနက် ၉ နာရီတွင်သံဃာတော်အရှင်သူမြတ် (၁၀) ပါးက ဘုရားအနေဇာတင်ကြကြောင်း သိရှိရသည်။ ညနေပိုင်းတွင် ရှမ်းသက်ကြီးရွယ်အိုများ၏နေအိမ်သို့ ရှမ်းစာပေအသင်းမှဦးဆောင် ကန်တော့ကြကြောင်း သိရှိရသည်။
ဦးမျိုးလှိုင်