ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ

တွံတေး ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး (၂၅၉၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရွှေဆံတော်စေတီမြောက်ဘက်ဆောင်တန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းမြင့်က ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ပြုလုပ်ရခြင်းအား ပြောကြားခဲ့သည်။ ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှ၊ ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပက ဒုတိယဥက္ကဋ္ဌ ဦးစိုးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဘုရားပွဲတော်ရက်များတွင် နေ့စဉ် နံနက် (၅)နာရီမှ ညနေ (၉)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ရာ ယခုအခါ ရွှေဆံတော်စေတီတော်မြတ်ကြီးကို အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တန်ခူးလပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ(၁၇) ရက်နေ့မှ (၂၄) ရက်အထိ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ ဗုဒ္ဓပူဇနိယပွဲတော်တွင် စျေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများနှင့် ဇာတ်များပါဝင်မှဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော်ကာလအတွင်း အဓိဋ္ဌာန်ဝင် တရားအားထုတ်ဘာဝနာပွားများလိုသူများ၊ သီလဆောက်တည်လိုသူများ စေတီတော်မြတ်ကြီးအား အများပြည်သူများဖူးမြော်ကြည်ညိုနိုင်စေရန် ဘုရားဖူးချိန်အား ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး လာရောက်ဖူးမြော်နိုင်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးသား