မန္တလေး ဧပြီလ ၁၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကပြုလုပ်သော သက်ကြီးဘိုးဘွားများအားပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက့်နေ့ နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က ဂုဏ်ပြုစကားပြောကြားပြီး သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာသော သက်ကြီးဘိုးဘွား (၉၈) ဦးအား တစ်ဦးလျင် ၃၀၀၀၀ ကျပ်နှင့် လှူဖွယ်ပစ္စည်းများဖြင့် ဂါရဝပြုပူဇော်ကန်တော့ကြပြီး ကန်တော့ခံသက်ကြီး ဘိုးဘွားများကိုယ်စား အမရပူရမြို့နယ်၊ ဓနုံးကျေးရွာမှ အဘိုးဦးဘရှင်က ကျေးဇူးတင်ဆုပေး စကားပြောကြားသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့နှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကန်တော့ခံ ဘိုးဘွား ၉၈ ဦး တက်ရောက်ကြသည်။
မြင့်မော်ထွန်း
အောင်-စံ (ပြန်/ဆက်)