မော်လမြိုင် ဧပြီ ၁၈
မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပပြုလုပ်သော မြန်မာနှစ်ဆန်း (၂)ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုရောင်းကျေးရွာ မြဆည်းဆာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံကြိမ်ရွှတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြဆည်းဆာဆရာတော်ထံမှ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နာယက ဦးဇော်လင်းထွန်းက ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးကြည်သိန်းက သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားကာ အဘိုးအဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နာယက၊ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များက အဘိုးအဘွား(၆၅)ဦး အား ဂါဝရ လက်ဆောင်များဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး၊ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးက ဆုတောင်းမေတ္တာပြန်လည်ပို့သကာ တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က မြဆည်းဆာဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံကြိမ်ရွှတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)