မုဒုံ ဧပြီ ၁၈
မွန်ပြည်နယ် ကမာဝက်မြို့တွင် (၁၀၇) ကြိမ်မြောက် မွန်ရိုးရာ ဆီမီးကပ်လှူ လှည့်လည် ပူဇော်ပွဲကို ၁၃၈၆ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက ကျင်းပသည်။
ဦးစွာ သြဝါဒစရိယ ဆရာတော်၊ သံဃာတော်များထံမှ သီလတော်မြတ် ခံယူခဲ့ကြပြီးကမာဝက်မြို့ရှိ မွန်တိုင်းရင်းသားများသည် ဆံတော်ရှင် ကျိုက်ဇယ်စေတီတော်အား မီးကပ်လှူ ပူဇော်ရန်အတွက် ကမာဝက်၊ ထောင်ကေး ၊သိမ်ကုန်း၊ စိန်တောင်၊ ဂုံညင်း တန်း ရပ်ကွက်အသီးသီးမှ ဒေသခံပြည်သူများမှ ဖယောင်းတိုင်မီး ထွန်းညှိထားသည့် မီးဗန်းကိုကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်းနှင့် ကျိုက်ဇယ်ဆံတော်ရှင် စေတီတော် တော်ပုံတူအား လှည့်လည်ပူဇော်ကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေး ခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများက လမ်းတလျှောက်တွင် ဖယောင်းမီးများ ထွန်းညှိပေးခြင်းနှင့် ပဒေသာပင်အလှူငွေများ ကပ်လှူခဲ့ကြသည်။
ရပ်ကွက်များအတွင်း ဖယောင်းတိုင်မီးများနှင့် လှည့်လည်ပူဇော်ခြင်းမှရရှိလာသော ဖယောင်းတိုင်များကို ဆံတော်ရှင် ကျိုက်ဇယ်ဘုရားတွင် ဆီမီးထွန်းညှိ ကပ်လှူပူဇော်၍ မွန်ရိုးရာဆီမီးကပ်လှူလှည့်လည်ပူဇော်ပွဲကို နှစ်စဥ်ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ရိုးရာအကအလှများနှင့် ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)