နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နှင်းဆီကုန်းဘိုးဘွားရိပ်သာ သီရိရတနာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သက်ကြီးဘိုးဘွားများအား ဂါရဝပြုကန်တော့ လက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ကန်တော့ခံသက်ကြီးဘိုးဘွားများကိုယ်စား အဘိုးဦးဘိုနီက ဆုတောင်းမေတ္တာ ပို့သပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုနောက် အခမ်းအနားတက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယနေ့နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ငွေ စုစုပေါင်း ငွေကျပ် (၃၂၁၉၅၅၀၀/-)ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)