မိုင်းဆတ် ဧပြီ ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပခဲ့သည်။ သက်ကြီးပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်းက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့် ဆက်လျဉ်း၍ အမှာစကားပြောကြားပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဩကာသကန်တော့ချိုးဖြင့် ညီညာစွာ ရွတ်ဆို ရှိခိုးကန်တော့ခဲ့ကြသည်။
ယင်းနောက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်အေးမင်းဦး၏ဇနီး၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်းနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီထွေးနှင့်ဇနီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်းနှင့်ဇနီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကန်တော့ခံသက်ကြီး ဘိုးဘွား (၇၁) ဦးအား လှူဖွယ်ပစ္စည်းများကို လှူဒါန်းကန်တော့ခဲ့ကြသည်။
ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးဦးမြင့်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များသည် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ သွားရောက်ကာ ငါးမျိုးစုံငါးသားပေါက်များအား နမ့်ခုတ်ချောင်းအတွင်းသို့ လွှတ်ခဲ့ကြောင်း သိရသည်။
ခိုင်သဲစုပိုင်(ပြန်/ဆက်)