သန်လျင် နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့် သူများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း ကျန်းမာရေးမကောင်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အုတ်ဖိုစုရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းဆောင်ရွက်ရာတွင် အုတ်ဖိုစုရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေး အဖွဲ့ဝင်များ၊ စောင့်ကြည့်အဖွဲ့များက အုတ်ဖိုစုရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်း ကျန်းမာရေး မကောင်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများအား လှည့်လည်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာလ ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကောက်ခံခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၃၈၆၇ ဦးရှိပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် မဲရုံပေါင်း ၂၂၉ ရုံ ဖွင့်လှစ်၍ ရွေးကောက်ပွဲအား ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)