ရန်ကုန် ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာ အခါတော်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။ ဦးစွာ ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာ အခါတော်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို စေတီတော် ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇ ဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နဝင်္ဂ သီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးသောင်းဝင်းက အဖွင့်မင်္ဂလာစကား လျှောက်ထားသည်။ ထို့နောက် ဩဝါဒါစရိယ ဆရာတော် ကြီးများထံမှ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋက ဓရပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကာရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက် သည်။
ထို့နောက် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် မြောက်ဘက် အောက်ပစ္စယာ သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်တွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများက တက်ရောက်ကြပြီး ကန်တော် အတွင်းသို့ ရောင်စုံ ငါးမြစ်ခြင်းငါးကောင်ရေ (၁၀၀၀) ဘေးမဲ့သက်လွှတ်၍ နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ သည် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ကန်တော်ကြီးဥယျာဥ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဇီဝိတဒါနငါး၊ ငှက်လွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရွှေဝါရောင်ငါးမြစ်ခြင်းအကောင်ရေ နှစ်သိန်း၊ စာကလေးငှက်ကောင်ရေ ၁၀၀၀၊ ဂျိုးငှက် ကောင်ရေ ၃၆ ကောင်တို့အား ဘေးမဲ့သက်လွှတ်၍ နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်ပြု ဆောင်ရွက်ကြသည်။
ထို့ပြင်မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်အတွင်းရှိ အပ္ပရာဇိတပလ္လင်ပေါ်၌ သီတင်းသုံး စံပယ်လျက်ရှိသည့် မုစလိန္ဒနဂါးမျိုးနွယ် ကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ်ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ် ကပ်လှူပူဇော်ထားသော နာဂစိဝရာ ပဋပဋိမာမြတ်စွာဘုရား ဆင်းတု တော်မြတ်ကို ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ဘာဏုရာဇာနေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင် တစ်လ၊ တစ်လတွင်တစ်ရက်၊ ၁၃၈၆ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ပူဇော်မှုကို ဘုရားဖူးလာ ပြည်သူများက လာရောက်ဖူးမြော် ကြည်ညိုနေသည်မှာ စည်ကားလျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်မြေတွင် တည်ထားကိုးကွယ် လျက်ရှိသော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာ အခမ်းအနားနှင့် သီလပေးတရားပွဲတို့ ကျင်းပကြပြီး စေတီတော်ရင်ပြင်တလျှောက်၌ အလှူရှင် များ ဘုရားဖူးလာပြည်သူများကို စတုဒိတာများကျွေးမွေးလှူဒါန်းကြသည်။
အလားတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ ဆူလေးစေတီတော်၊ ဝရဒါဋ္ဌာ ဓာတုစေတိယစွယ်တော်စေတီတော် (ရန်ကုန်)၊ ရွှေဘုန်းပွင့်စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ကြီးဘုရားတို့၌ မြန်မာနှစ်ဆန်းတစ်ရက်၌ နှစ်သစ်မင်္ဂလာအခမ်းအနားများ ယနေ့ နံနက်ပိုင်းတွင် ကျင်းပကြပြီး ဘုရားဖူးလာပြည်သူများအား အလှူများရှင်များက စတုဒိတာများ ကျွေးမွေးလှူဒါန်းကြသည်။ ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကွက်များတွင် လမ်းအလိုက် သံဃာတော်များ ပင့်ဖိတ်၍ နှစ်သစ်မင်္ဂလာအန္တရာယ် ကင်းပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် အားလျော်စွာ ဘုရား၊ ကျောင်း၊ ကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ကုသိုလ်ဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြခြင်း၊ အသက်ကြီး အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်း၊ စတုဒိတာကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အစရှိသည့် ကုသိုလ်ကောင်းမှုအလှူဒါနအစုစုတို့ ကျင်းပကြသည်ကို တွေ့မြင်ရသည်မှာ ကြည်နူးဖွယ်ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နစ်သစ်ဖြစ်ပါတော့ သည်။
အောင်မြင့်(ပြန်/ဆက်)