မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား (၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

မိုးညှင်း ဧပြီ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား (၄)ဦးအား ယမန်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်)နေ့ နံနက်(၁၁)နာရီခွဲက မိုးညှင်းဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၃၀/၂၀၂၄)အရ ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အကျဉ်းသားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးသန့်ဇင်ဝင်းနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးသည့် ရည်ရွယ်ချက်များနှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး အေးချမ်းစွာ ဆက်လက်နေထိုင်ကြစေရေး စသည်တို့ကို ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားခဲ့သည်။

ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အကျဉ်းသား (၄)ဦးအား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ခံဝန်လက်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်ပေးအပ်ခြင်း၊ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ခရီးစရိတ်၊ စားစရိတ်များ ပေးအပ်ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းစီဖြင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ပြီးနောက် မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း