မင်းဘူး ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်) နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ် ဘုရားပွဲတော်ကာလတွင် ဘုရားဖူး ခရီးသွားပြည်သူပေါင်း လေးသိန်းကျော် လာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့မန်းရွှေစက်တော် ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများက အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ခဲ့ပြီးနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မန်းရွှေစက်တော် ဘုရား ပါဒစေတီတော်နှစ်ဆူအား နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက် ဖန်အုပ်ဆောင်းတော်အား စက်ခလုပ်နှိပ် ပိတ်သိမ်းခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်၌ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် ပါဒစေတီတော်နှစ်ဆူ ခြေတော်ရာပိတ်သိမ်းပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် မဟာအလှူတော်မင်္ဂလာအခမ်းအနားကိုကျင်းပရာ တက်ရောက်လာကြသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ငါးပါးသီးလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေခဲ့ကြသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးကုသိုလ်အဖြစ် မန်းရွှေစက်တော်ဘုရား မန်းချောင်းအတွင်း နှစ်လက်မအရွယ် ရွှေဝါငါးကျင်း အကောင်းရေ ၁၀၀၀၀ နှင့် ငါးမြစ်ခြင်း အကောင်ရေ ၅၀၀၀ ကို ဇီဝိတဒါနအဖြစ် ငါးလွှတ်ကုသိုလ်ပြုခဲ့ကြသည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်ပြီး ထင်ရှားကျော်ကြားကာ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း (၆၄) ရက်ကြာ စည်းကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့နိုင်ပြီး တည်ခိုးဆောင် အခန်းပေါင်း ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် ဆောက်လုပ်ခွင့်ပြုပေးခဲ့ကြောင်း၊ ပါဒခြေတော်ရာနှစ်ဆူ ပိတ်သိမ်းသွားသော်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများအနေဖြင့် ရာသီမရွေးစိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပက အဖွဲ့ထံမှသိရသည်။
မောင်မောင် (မင်းဘူး)