မြစ်ကြီးနား ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် မြန်မာ့တို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နှစ်စဉ်မပျက်ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားများကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ မြစ်ကမ်းဘေး၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၁)သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ(၁)သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ (၂)သိန်းကို ရပ်ကွက် နေပြည်သူများ၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ယိမ်းအဖွဲ့များ၊အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များနှင့်အတူ ဇီဝိတဒါနအဖြစ်ဆုတောင်း၍ လွှတ်ပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အသက် (၈၀)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ခန်းမအတွင်း ကုသိုလ်ပြု ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြ ပြီး ဘိုးဘွားများအား အတာရေစင်ဖြင့် ပက်ဖျန်းကြည်ညိုကြသည်။
ဆက်လက်၍ အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား (၁၁၀)ဦးအနက် အခမ်းအနားတက် ရောက်လာသည့် ဘိုးဘွား(၉၀)ဦးတို့အား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အဘိုးအဘွားများအား အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားများကို လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကုသိုလ်ရှင်များကလည်း ဘိုးဘွားများအား လှူဒါန်းငွေများကို လည်းကောင်း ဂါဝရပြု လှူဒါန်းပူဇော်ကန်တော့ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက် အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပွဲအတွက် ချီးမြှင့်ငွေများနှင့် ဆေးရုံကြီး သွေးလှူဘဏ်အတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ကာ သွေးလှူဒါန်းနေသော စေတနာ့သွေး လှူရှင်များနှင့် ဆေးရုံဝန်ထမ်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင်များအတွက် အားအင်ဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော် နာနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်သံဃနာယ အဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒန္တစန္ဒာ ဝရာဘိဝံသ အမှူးပြုသော သံဃာတော်များထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခြင်း၊ အန္တရာယ် ကင်းပရိတ်တရားတော်များနှင့် နှစ်သစ်ကူးတရားတော်များ နာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆရာတော်/ သံဃာတော်များတို့ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပြည်နယ် (ပြန်/ဆက်)