ခရမ်းမြို့တွင် မဲပေးရမည့်နည်းလမ်းများ အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေ

ခရမ်း နိုဝင်ဘာ ၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းနေ ဆန္ဒမဲ ပေးကြမည့် ပြည်သူများအဆင်ပြေ ချောမွေ့စေရေးအတွက် မဲပေးရာတွင် သိရှိလိုက်နာသင့်သည့် အချက်အလက်များ ပါရှိသည့် မဲပေးရမည့် နည်းလမ်းများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ခရမ်းမြို့လူစည်ကားရာနေရာ ဖြစ်သည့် ခရမ်းမြို့မဈေးနှင့် စနေလမ်းစုံတွင်မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် မြိုနယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက စုပေါင်း၍ ပြည်သူအများအား ဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ပြည်သူအများ မဲရုံအတွင်း ဝင်ရောက်ပါက ဆောင်ရွက်ရမည့် အစီစဉ်များ ၊ ဆန္ဒမဲ လက်မှတ် လက်ခံရယူခြင်းနှင့် တံဆိပ်တုံးထုခြင်းနှင့် ဆန္ဒမဲပေးခြင်းနှင့် အခြားသိမှတ်ဖွယ်ရာ ပါဝင်ပြီး အများပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် မိမိ၏ ဆန္မဲပေးခြင်း မရှုံးဆုံးစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန် မှာကြားချက်များနှင့် မဲရုံအတွင်း ကျန်းမာရေး အတွက်ဆောင်ရွက်ချက်များအား ပါရှိကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူအများ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံစုစုပေါင်း (၂၀၄)ရုံ ဆောင်ရွက်ထားရှိပြီး မြို့ပေါ်ရပ်ကွက်(၁၃)ရပ်ကွက်နှင့် ကျေးရွာ (၅၃)အုပ်စုမှ ဆန္ဒမဲပေးမည့် ပြည်သူစုစုပေါင်း (၁၂၇၈၀၇)ဦးအထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ကိုမင်း (ခရမ်း)