နေပြည်တော် ဧပြီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော် ကောင်စီဝင်များနှင့်၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကန်တော့ခံသက်ကြီးဘိုးဘွားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အသက် ၈၅ နှစ်နှင့် အထက် အဘိုး ၅၀ ဦးနှင့် အဘွား ၅၀ ဦး စုစုပေါင်း အဘိုးအဘွား ၁၀၀ ဦးတို့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဦးဆောင်ကာ ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး မြန်မာဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်ကူးကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကန်တော့ကြရာ ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘိုး ဦးကျော်မောင်က ဆုတောင်း မေတ္တာစကားပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ အသက် ၈၅ နှစ် နှင့်အထက် အဘိုးအဘွား ၁၀၀ ဦးတို့ကို တစ်ဦးလျှင် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၊ ငွေကျပ် ငါးသောင်း၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကို ဂါရဝပြုလှူဒါန်းခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြသည့် အဘိုးအဘွားများအား နေပြည်တော်တိုင်း ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အခမဲ့ကျန်းမားရေးစစ်ဆေးခြင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)