စဉ့်ကိုင် ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်းရှိ အကျဉ်းဦးစီးဌာန၊ အမှတ်(၁) ကုန်ထုတ်စခန်းအစည်းအဝေးခန်းမ၌ မြန်မာနှစ်ဆန်း(၁)ရက် ဧပြီ(၁၇) ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၇.၄.၂၀၂၄) ရက်စွဲပါ အမိန့်အမှတ်(၃၀/၂၀၂၄)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်ကူးအခါ သမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန်ရှေးရှုသောအားဖြင့်လည်းကောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရပြစ်မှု များမှအပ အခြားဥပဒေများဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော တည်ဆဲဥပဒေများကို ကျူးလွန် ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်များကျခံပြီးဖြစ်သည့်အပြင် စည်းကမ်း ကောင်းမွန်စွာနေထိုင်ကြသော ဘယ်လင်းအကျဉ်းဦးစီးဌာန၊ ကုန်ထုတ်စခန်းအမှတ်(၁နှင့်၂)မှ အကျဉ်းသား(၂၂)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းလွင်၊ အမှတ်(၁) ကုန်ထုတ်စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့် (ထောင်ပိုင်ကြီး)၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယစီးမှူး ဦးဇော်မင်းဆင့်နှင့် တာဝန်ရှိသူများ၊ ကျဉ်းသား များ တက်ရောက်ခဲ့ကြပြီး ကုန်ထုတ်စခန်း တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်မှ လွတ်ငြိမ်းခွင့်အမိန့်အား ဖတ်ကြား၍ တာဝန်ရှိသူများမှ လွတ်ငြိမ်းအကျဉ်းသားများကို ဆုံးမစကား များ အသီးသီးပြောကြားခဲ့သည်။
အဆိုပါကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံနေစဉ် ရရှိခဲ့သည့် လုပ်အားကျိုးခံစားခွင့်ငွေများအား ထုတ်ပေးပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား (၂၂)ဦးတို့အား အကျဉ်းဦးစီးဌာန အစီအစဉ်ဖြင့် ရထားဘူတာနှင့် ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)