မာန်အောင်မြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားဒေသစာရီလှည့်လည်ပူဇော်ခံပွဲ ကျင်းပ

မာန်အောင် ဧပြီ ၁၈

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့  မြို့မကျောင်းကြီး ကုသိနာရုံအဖွဲ့ကကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည် ပူဇော်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်ပူဇော်ခံရာတွင် ကုသိနာရုံအဖွဲ့ဝင်များက မြို့မဘုန်းတော်ကြီးကျောင်းရှိ ကုသိနာရုံဓမ္မာရုံတွင် သီတင်းသုံးစံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပင့်ဆောင်ပြီး ပြည်သူများ ပူဇော်နိုင်ရန် လှည့်လည်ရာ စေတနာရှင်၊ အလှူရှင်ပြည်သူများက လှူဒါန်းဖွယ်ရာ အလှူဝတ္ထုများဖြင့် လှူဒါန်းပူဇော်ခဲ့ကြသည်။

မာန်အောင်မြို့တွင် နှစ်စဥ်နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများဘေးဥပဒ်အန္တရာယ်ကင်းပျောက်စေရန်နှင့် ကောင်းမှုကုသိုလ်များ တိုးပွားနိုင်စေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)