သထုံ ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၀/၂၀၂၄) အရ မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား (၄) ဦးတို့အား ဧပြီလ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဥ်းသားများကို ဈေးမသွယ်ကျေးရွာရှိ သထုံအကျဉ်းထောင်ခန်းမ၌ သထုံခရိုင်အထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလင်း၊ သထုံအကျဥ်းထောင်တာဝန်ခံအရာရှိ ဦးအောင်ခိုင်လတ်နှင့် တာဝန်ရှိသူက လွတ်ငြိမ်းခွင့်ပြုပေးသည့်ရည်ရွယ်ချက်နှင့် မိမိတို့ရပ်ရွာအကျိုးကိုအများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာဆက်လက်နေထိုင်ကြရေး ဆုံးမစကားများပြောကြားခဲ့ပြီး ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ခံဝန်လတ်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ်နှင့် စားစရိတ်တို့ကိုထုတ်ပေးကာ မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကာင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် ဖော်ပြထားသည်။
အဆိုပါ လွတ်ငြိမ်းခွင့်ပြုရာသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)