မြန်မာနှစ်ဆန်းတစ်ရက် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပပြုလုပ်

မန္တလေး ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်‌နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့ နံနက် ငါးနာရီက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော်ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော သံဃာတော် ၁၀၈ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မိတ္ထီလာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်မြတ်များအား ရိုသေစွာနာယူကြည်ညိုကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားရုပ်သိမ်းလိုက်သည်။

ထို့နောက် ၂၆ လမ်း၊ ၇၁×၇၂ လမ်းကြားရှိ ​မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်းဆန်တော်၊ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ စုပေါင်းလောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း (အောင်-စံ၊ပြန်/ဆက်)