ပုဇွန်တောင်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပုဇွန်တောင် နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုး ကြောင့် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲလာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင် ရာရောက် ကောက်ခံခြင်းများကို ယမန်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် အသက် (၆၀) နှစ်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင် (၆၉၀၅)ဦးရှိပြီး မဲရုံသို့ လာရောက် ဆန္ဒမဲပေးရန် အခက်အခဲရှိသည့် အသက် (၆၀)နှစ်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်  များအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံအဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့များမှ ကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ခံခဲ့ကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)